International News

အစိုးရအဖွဲ့အနေဖြင့် အောက်တိုဘာလတွင် RCEP သဘောတူညီချက်အပေါ် စဉ်းစားရန်ရှိနေ

Last Updated:

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အစိုးရအဖွဲ့အား ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု Regional Comprehensive Economic Partnership(RCEP)ကို လက်မှတ်ရေးထိုးနိုင်ရေးအတွက် အောက်တိုဘာလတွင် အတည်ပြုချက်ရရှိနိုင်ရန် တင်ပြ ဆောင်ရွက်လိမ့်မည်ဖြစ်ကြောင်းသိရှိရပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စစ်ဆေးရေးမှူးချုပ် Ronnarong Phoolpipat က လက်မှတ်ရေးထိုးမည့်နိုင်ငံများအနေဖြင့် စာချုပ်ပါ အခန်း(၂၀)အတွက် ဉပဒေရေးရာစာသားများကို ရှင်းလင်းဆောင်ရွက်ခဲ့ကြပြီးဖြစ်ကြောင်း ယခင်အပတ်က ပြောကြားခဲ့ပါသည်။

မိမိတို့၏ ရည်မှန်းချက်မှာ ဩဂုတ်လအတွင်း ဆွေးနွေးမှုများအားလုံးကို အပြီးသတ်နိုင်ရန်၊ အောက်တိုဘာလတွင် အစိုးရအဖွဲ့၏ အတည်ပြုချက် ရယူရေးအဆိုပြုတင်ပြရန်နှင့် နိုဝင်ဘာလတွင်ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် လက်မှတ်ရေးထိုးကြရန်ဖြစ် ကြောင်း၊ RCEP ၏ ထိုင်းနိုင်ငံဆိုင်ရာစေ့စပ်ညိှနှိုင်းရေးမှူး Mr.Ronnarong က ပြောကြားခဲ့ပါသည်။

အခန်းပေါင်း (၂၀) တွင် အခြားအသေးစိတ်အချက်များအကြားတွင် ကုန်စည်ကုန်သွယ်မှုဆိုင်ရာပြဌာန်းချက်များ၊ ပင်ရင်းဒေသစည်းမျဉ်း၊ အကောက်ခွန်လုပ်ထုံးလုပ်နည်းများ၊ ကျန်းမာရေးဆိုင်ရာ အစီအမံများ၊ E-Commerce၊ စီးပွားရေးလုပ်ငန်းငယ်များ၊ အစိုးရ၏ ဝယ်ယူရေးလုပ်ငန်း များနှင့် အငြင်းပွားမှုဖြေရှင်းရေးကိစ္စများတို့ ပါဝင်ကြပါသည်။ Mr.Ronnarong က ပြောကြားရာတွင် RCEP သည် ကမ္ဘာ့အကြီးဆုံးကုန်သွယ်ရေး သဘောတူညီချက်ဖြစ်ရုံသာမကဘဲ လူဉီးရေ (၃.၆)ဘီလီယံကျော် (သို့မဟုတ်) ကမ္ဘာ့လူဉီးရေ၏ ထက်ဝက်နီးပါး ပါဝင်သည်သာမက အဖွဲ့ဝင်နိုင်ငံ များအပေါ် ဆိုးကျိုးသက်ရောက်ခြင်းမရှိစေသည့် သဘောတူညီချက်ဖြစ်ပါသည်။ စည်းမျဉ်းစည်းကမ်းများသည် အဖွဲ့ဝင်တစ်နိုင်ငံချင်းစီ၏ လိုအပ်ချက်များနှင့်ကိုက်ညီစေရန် ရေးဆွဲထားခြင်းဖြစ်ပါသည်။

RCEP အာဏာသက်ရောက်ပြီးနောက် (၃-၅)နှစ်အတွင်း အဖွဲ့ဝင်နိုင်ငံများအကြား ကုန်ပစ္စည်းအမည်များထပ်မံတိုးချဲ့ရေးအပြင် စည်းမျဉ်း စည်းကမ်းများပြောင်းလဲရေး၊ အကောက်ခွန် မဟုတ်သော အတားအဆီးများ၊ အငြင်းပွားမှုဖြေရှင်းခြင်းနှင့် အဖွဲ့ဝင်သစ်များထပ်တိုးရေး အပါအဝင် စာချုပ်အား အဆင့်မြှင်တင်ခြင်း (သို့မဟုတ်) ပြင်ဆင်ခြင်းများ ပြုလုပ်နိုင်ကြောင်းဖြင့် Mr.Ronnarong ကပြောကြားခဲ့ပါသည်။

RCEP သည် အာဆီယံအဖွဲ့ဝင်(၁၀)နိုင်ငံနှင့် အာဆီယံ၏ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ဩစတြေးလျ နှင့် နယူးဇီလန်နိုင်ငံများ ပါဝင်ကြပါသည်။ RCEP နှင့်ပတ်သက်သည့် စေ့စပ်ညိှနှိုင်းဆွေးနွေးမှုများသည် ၂၀၁၂ ခုနှစ်နှောင်းပိုင်းတွင် ဖနွမ်းပင်၌ ကျင်းပခဲ့သော (၂၁)ကြိမ်မြောက် ထပ်သီးအစည်းအဝေးတွင် စတင်ခဲ့ခြင်းဖြစ်ပါသည်။

၂၀၁၉ခုနှစ် နိဝင်ဘာလ(၄)ရက်နေ့တွင် ထိုင်းနိုင်ငံမှ အာဆီယံဉက္ကဌအဖြစ် ဉီးဆောင်ကျင်းပခဲ့သော နောက်ဆုံးအစည်းအဝေးတွင် အိန္ဒိယနိုင်ငံ အနေဖြင့် RCEPနှင့် မသက်ဆိုင်သည့် ကိစ္စရပ်များ၊ မဖြေရှင်းနိုင်သော ပြဿနာများ၊ အထူးသဖြင့် စိုက်ပျိုးရေးဆိုင်ရာထွက်ကုန်များ၏ အခွန် ကိစ္စရပ်များ နှင့်ပတ်သက်၍ အိန္ဒိယသည် RCEP တွင် ပူးပေါင်းပါဝင်ရန် ငြင်းဆန်ခဲ့ပါသည်။

အိန္ဒိယအနေဖြင့် ယခုနှစ် ဗီယက်နမ်နိုင်ငံတွင်ကျင်းပသော ထိပ်သီးအစည်းအဝေးတွင် သဘောတူစာချုပ်၌ ပါဝင်ခြင်းမပြုတော့ကြောင်းနှင့် ပတ်သက်၍ ယခုသဘောတူစာချုပ်က ၎င်း၏ အထိခိုက်မခံသော ပြည်သူများ၏ နေထိုင်မှုများကို အထူးသဖြင့်ထိခိုက်စေမည်ဖြစ်ကြောင်း၊ ထို့အပြင် ကုန်သွယ် ရေးလိုငွေပြမှုများ မြင့်တက်လာမည်ဖြစ်ကြောင်းနှင့် သွင်းကုန်တင်သွင်းမှုများ မြင့်တက်လာမည်ဖြစ်ကြောင်း၊ အထူးသဖြင့် တရုတ်နိုင်ငံမှ ဈေးပေါသောကုန်ပစ္စည်းများဖြစ်ကြောင်း ရည်ညွှန်းကိုးကား ပြောဆိုထုတ်ပြန်ခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News